လိပ်သို မတ် ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်၊ ကဗျာရွတ်၊ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင်ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအားဆက်လက်ပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၀) ဦးတို့က ပြိုင်ပွဲခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ ကျောင်းသူများအား မြို့ဦးစီးမှူးက ပုံဆွဲဗလာစာအုပ်များ၊ ခဲတံများကို အမှတ်တရချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/ကျောင်းသူများအား အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်ရှည်ကာလတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ပုံမှန်ဆောင်ရွက်ပေးခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)