ရှမ်းရွာသစ် မတ် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောင်းသီးနှံဟင်းသီးဟင်းရွက်များ စိုက်ပျိုးမှုနည်းပါးလာပြီး ဒေသနေပြည်သူများ အပိုဝင်ငွေရရှိရေးအတွက် အနီးရှိတောတောင်များနှင့် ချောင်းကမ်းနံဘေးတွင် သဘာဝအလျှောက် ပေါက်ရောက်သော ရာသီစာကောက်ကောက်ညွှန့်များ ခူးယူရောင်းချကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကောက်ကောက်ညွှန့်ပင်များသည် တောတောင်များ၌ သဘာဝအလျှောက်ပေါက်ရောက်ပြီး ချောင်းစပ်၊ မြောင်းစပ်များ၌ လှိုင်လှိုင်ထွက်ရှိကြောင်း၊ ကောက်ကောက်ညွှန့်ပင်များကို ဒေသတွင်း ပြည်သူများ နှစ်ခြိုက်စွာ စားသုံးသောကြောင့် ယခုလိုအချိန်ရောက်လျှင် ဒေသနေပြည်သူအများစု သည် မိမိတို့ ကျေးရွာအနီးရှိ တောတောင်များတွင် အဖွဲ့လိုက် နေ့စဉ်လိုက်လံခူးဆွတ်ရောင်းချကြောင်း၊ ယခုနှစ်တွင် ကောက်ကောက်ညွှန့်တစ်စည်း (၅၀၀) ကျပ်ဖြင့်ရောင်းချ၍ တစ်နေ့လျှင် ငွေကျပ် (၆၀၀၀) ခန့်ထိရရှိသဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကောက်ကောက်ညွှန့်ပင်များသည် ဒေသနေပြည်သူအများ နှစ်ခြိုက်စွာ စားကြသည့် သဘာဝဟင်းရွက်တစ်မျိုးဖြစ်ကြောင်း၊ ဆေးဖက်ဝင်သည့်အပြင် ထမင်းလည်းမြိန်ကာ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ အပိုဝင်ငွေလည်း ရရှိသဖြင့် ခူးဆွတ်ရောင်းချသူများ ယခင်နှစ်ထက်ပိုများလာကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)