သံတောင်ကြီးဒေသထွက် ကွမ်းသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်း

သံတောင်ကြီး မတ် ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ကွမ်းသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအား ကျဆင်းကြောင်းသိရသည်။

သံတောင်ကြီးဒေသ ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း()နှစ်တွင် စတင်သီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာမှ ဒီဇင်ဘာလတွင် ခူးယူရောင်းချလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခင်ကွမ်းသီးအခြောက် (ပြောင်သီး) တစ်ပိဿာကျပ် (၆၀၀၀) အရွေးသီးတစ်ပိဿာ ကျပ် (၇၀၀၀) ထောင်အထိရရှိသော်လည်း ယခုနှစ်တွင် ကွမ်းသီးအခြောက် (ပြောင်သီး) တစ်ပိဿာကျပ်(၃၀၀၀)၊ အရွေးသီးတစ်ပိဿာကျပ်(၄၀၀၀)ထောင်အထိသာရရှိသည့်အတွက် ဈေးကောင်းရရှိရန် ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

နော်နော်မူ