မုံရွာပညာ‌ရေးဒီဂရီကောလိပ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မုံရွာ မတ် ၁၃

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မုံရွာပညာရေးဒီဂရီကောလိပ်မှ ဌာနကြီးမှူး (သင်တန်း‌ရေးရာ) ဦးသန့်ဇင်က ပြဋ္ဌာန်းထားသည့်ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါတာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေဆိုပြီးရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအား မြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံး လျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံများတွင် လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဌာန်းထားပါ ကြောင်း၊  ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊ လူငယ် မရွေးတိုင်းရင်းသား ပြည်သူအားလုံး သိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာများ ဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်း မနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ် ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းချပြဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာပညာရေးဒီဂရီကောလိပ်ရှိ သင်ကြားရေးဌာနများမှ ဆရာ/ ဆရာမများ၊ စီမံဘဏ္ဍာနှင့် သင်တန်းရေးရာဌာနများမှ အရာရှိများနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)