ဝါးခယ်မ မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိဘုရားကြီး၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က (၄၁)ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးပွဲကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးမျိုးဇော်သန်းမှ (၄၁) ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဘုရားကြီးအရုဏ်တော်ခံဝတ်အသင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓစွယ်တော်မြတ်ပူဇော်ပွဲကြီးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများအား ရှင်းလင်းတင်ပြခြင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး (၄၁)ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ် ပူဇော်ပွဲကို တပေါင်းလဆန်း(၇)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ (၉) ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)