ဘိုကလေးမြို့နယ်တွင် ပရိယတ္တိသာသနပါလစာမေးပွဲ စတုတ္ထနေ့ ပရိယတ္တိနှင့် မာတိကာဓာတု ကထာဘာသာများဆက်လက်ဖြေဆို

ဘိုကလေး မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဆရာတော်၊ သံဃာတော်ကြီးများ ကြီးမှူး၍ (၄၄)ကြိမ်မြောက်သော ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီးအား မတ်လ(၁၀)ရက် နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ်လျက်ရှိရာ စတုတ္ထနေ့စာမေးပွဲအား မွန်းတည့်(၁၂)နာရီအချိန်တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီးအား မတ်လ(၁၄)ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး မြို့နယ်အတွင်းမှ ရှင်သာမဏေ ပထမငယ်တန်း၊ ပထမ လတ်တန်း၊ ဥပစာ(က)တန်းနှင့် (ခ)တန်း၊ အာဂုံတန်း၊ စုစုပေါင်း(၂၄၇)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဥပစာ(က)အတန်းအနေဖြင့် မတ်လ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိသာ (၃)ရက်တာ ဖြေဆိုရကြောင်းနှင့် ယနေ့စာမေးပွဲ စတုတ္ထနေ့တွင် အာဂုံတန်းအနေဖြင့် ပရိယတ္တိဘာသာ ဖြေဆိုရပြီး ကျန်အတန်းများအနေဖြင့် မာတိကာဓာတုကထာဘာသာ ဖြေဆိုကြရကြောင်း သိရသည်။

ယနေ့ စတုတ္ထနေ့ ဖြေဆိုအပြီးတွင်လည်း အာဂုံတန်း၊ ဥပစာ-ခတန်း၊ ပထမငယ်တန်းများ စာမေးပွဲဖြေဆိုပြီးစီးပြီဖြစ်သဖြင့် မတ်လ(၁၄)ရက်နေ့တွင် ပထမလတ် တန်းသာ ယမကဘာသာ ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် စာအောင်ဆုနှင်းသဘင်အား မတ်လ(၁၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မိုးစက်(ဘိုကလေး)