ကရင်ပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄)လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ မတ် ၁၃

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး၊ ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာဥက္ကဋ္ဌ ဦးဇော်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ကရင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာဥက္ကဋ္ဌ ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့တွင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှုပြဿနာများ ကြုံတွေ့နေရသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ တစ်ခါသုံးပလတ်စတစ် ပစ္စည်းများ သုံးစွဲမှုပိုမိုများပြားလာခြင်းကြောင့် ပလတ်စတစ်ညစ်ညမ်းမှု ပမာဏ မြင့်တက်လာပြီး ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှု၊ စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် တောမီးနှင့် အခြားမီးဘေးအန္တရာယ်များကိုလည်း ကြုံတွေ့နိုင်သည့်အတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဥမ္မာမြင့်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရက ပြည်နယ်အဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကိုလည်းကောင်း၊ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှု (Hotspot)အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)