ပန်ဆောင်၌ ကျောက်ဖရုံသီးများစတင်ခူးဆွတ်ရောင်းချချိန် စျေးကောင်းရရှိ

ပန်ဆောင် မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ကျောက်ဖရုံသီးများ စတင်ခူးဆွတ်ရောင်းချချိန်တွင် စျေးကောင်းရရှိနေ၍ ကျောက်ဖရုံသီး စိုက်ပျိုးရောင်းချသည့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပန်ဆောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကျောက်ဖရုံသီးပင်များကို မိမိတို့နေအိမ်ခြံများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများရှိသကဲ့သို့ စီပွားဖြစ်ဧကအများအပြား စိုက်ပျိုးကြသူများလည်းရှိသည်။ ကျောက်ဖရုံသီးစိုက်ပျိုးရာတွင် မြေပြန့်ဒေသများ၌ စိုက်ပျိုးထားသည့်ကျောက်ဖရုံသီးများကို ဒီဇင်ဘာလအတွင်း ခူးဆွတ်ရောင်းချကြရပြီး အအေးဓာတ်လွန်ကဲသော တောင်ပေါ်ဒေသများဖြစ်သည့် ခတ္မန်ကျေးရွာ၊ တကိုင်းကျေးရွာ၊ ဆွန်ပါကျေးရွာနှင့် အခြားသောတောင်ပေါ်ကျေးရွာများတွင် မတ်လခန့်တွင် စတင်ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

စျေးနှုန်းအနေဖြင့် ယမန်နှစ် ဒီဇင်ဘာလအတွင်း ပန်ဆောင်မြို့မှထွက်ရှိသော ကျောက်ဖရုံသီးအလုံး ၅၀ ပါ တစ်အိတ်လျှင် အနည်းဆုံးကျပ် ၂၀၀၀၀ မှ အများဆုံး ကျပ် ၃၀၀၀၀ ခန့်သာ ရရှိခဲ့ပြီး ယခုနှစ်တွင်အနည်းဆုံးကျပ် ၃၀၀၀၀ မှ အများဆုံးကျပ် ၆၀၀၀၀ ခန့်အထိ စျေးကောင်းရရှိကြောင်း သိရသည်။

ဂျာယော် (ပန်ဆောင်)