မြိတ် မတ် ၁၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ဘုတ်ပြင်းမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၁၅၄) ဦးရှိ၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၇၇) ရာခိုင်နှုန်း၊ တနင်္သာရီမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၀)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၁၀)ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၀.၉၁) ရာခိုင်နှုန်း၊ ကျွန်းစုမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၅၈) ဦး၊ ဖြေဆိုရာခိုင်နှုန်း (၉၄.၁၆) ရာခိုင်နှုန်း၊ ဖြေဆိုရန်ပျက်ကွက်သူ (၁၆)ဦး၊ ကလိန်အောင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၇) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၁)ဦးတို့ဖြင့် အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့် ကြပ်ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)