မုံရွာ မတ် ၁၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် မုံရွာခရိုင်တွင် ဖြေဆိုသူစုစုပေါင်း (၄၄၂) ဦး၊ တမူးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၃၅) ဦးရှိပြီး ဖြေဆိုမှု (၉၄) ရာခိုင်နှုန်း၊ ကသာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၇၅) ဦးရှိပြီး ဖြေဆိုမှု (၉၅.၁) ရာခိုင်နှုန်း၊ ရွှေဘိုမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၂၁) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေး လျက်ရှိကာ တာဝန်ရှိသူများကလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။