ပဲခူး မတ် ၁၃
ပဲခူးမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာများနှင့်အညီ ယခင်နှစ်များထက်ပိုမိုထူးခြားစည်ကားစွာကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကာ အောင်မြင်စွာကျင်းပသွားနိုင်ရေး ကြိုတင်ဆောင်ရွက်မည့်အစီအမံများကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီအသီးသီးရှိ ဌာနဆိုင်ရာများမှ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)