အောင်လံ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အောင်လံမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဒုတိယကာလတို (၅)နှစ်စီမံကိန်းကို ရေးဆွဲကာနှစ်စဉ်စီမံကိန်းများကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ဘတ်ဂျက်ကာလပြောင်းလဲကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်သူလူထုကိုအခြေပြုသော စီမံကိန်းများရေးဆွဲ၍ လုပ်ငန်းအဆိုပြုချက်များကို မြို့နယ်မှတဆင့်စတင်ကာ တင်ပြနိုင်ရန်အတွက် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ အဆင့်ဆင့်ရှင်းလင်းပွဲများပြုလုပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆိုပြုတင်ပြထားကြောင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော့်ကလမ်းညွှန်အမှာစကား ပြောကြားကာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဒေါ်နွယ်နွယ်ဦးက ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စီမံကိန်း တာဝန်ပေး အပ်လွှာများကို အကောင်အထည်ဖော်ဆောင်ရွက်မည့်ဌာနများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)