ထားဝယ် မတ် ၁၃
၂၀၂၄ခုနှစ်၊ သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသော သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကြုံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘွဲ့တံဆိပ်တော်အချို့ကို နေပြည်တော်တွင် ဆက်ကပ်မှာဖြစ်ပြီး ကျန်ဘွဲ့တံဆိပ်တော်များကို တိုင်းဒေသကြီးများတွင် တပြိုင်တည်းဆက်ကပ်မှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ထားဝယ်နှင့် မြိတ်မြို့များတွင် ဆက်ကပ်မှာဖြစ်ကြောင်း၊ ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး နေပြည်တော်သို့ ကြွရောက်မချီးမြှင့်နိုင်သောကြောင့် ဆရာတော်ဘုရားကြီး၏ဂုဏ်သိက္ခာနှင့်လျှော်ညီအောင် သန့်ရှင်းသပ်ရပ်မှုနှင့် စည်ကားစွာဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တပေါင်းလပြည့်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြိုင်တည်းဆောင်ရွက်မှာ ဖြစ်သောကြောင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေး၊ သံဃာတော်များပင့်လျှောက်ရေးနှင့် ဧည့်သည်တော်များကြိုဆိုပင့်ဆောင်ရေး၊ နေရာချထားရေးနှင့် သယ်ယူပို့ဆောင်ရေး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်ရေး၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့်လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)