ပဲခူး မတ် ၁၃
ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေချုပ်နှင့် ဥပဒေအရာရှိများက ပဲခူးတက္ကသိုလ်၊ ဥပဒေပညာဌာနသို့ ဥပဒေစာအုပ်စာတမ်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီအချိန်က ပဲခူးတက္ကသိုလ်ရှိ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေပညာရပ်ဟာ လွန်စွာမှ ကျယ်ဝန်းနက်ရှိုင်းလှကြောင်း၊ ကျွန်တော်တို့ရဲ့ ဥပဒေရေးရာဝန်ကြီးဌာနမှာ “ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသော” The Legal Profession is Noble Profession ဆိုတဲ့ ဆောင်ပုဒ်ထားရှိပါကြောင်း၊ တက္ကသိုလ်ဆိုတာ ဆင်ခြင်စဉ်းစားသူတို့ မွေးဖွားရာ နေရာဖြစ်တဲ့အတွက် ဥပဒေကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လှူဒါန်းထားတဲ့ ဥပဒေပညာ စာအုပ်စာတမ်းတွေကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြမယ်ဆိုရင် လှူဒါန်းသူ ဥပဒေအရာရှိများကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါကြောင်း၊ ယခုလှူဒါန်းတဲ့ စာအုပ်စာတမ်းတွေဟာ ဥပဒေကျောင်းသားဘဝမှာ လေ့လာသင်ယူရမဲ့ ပညာရပ် (Academic) ဖြစ်သလို ကျောင်းပြီးသွားလို့ တရားသူကြီးဘဝ၊ ရှေ့နေဘဝများမှာလည်း လက်တွေ့ကျင့်သုံးရမဲ့ ပညာရပ် (Practice) များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေပညာဌာနသို့ ဥပဒေစာအုပ် (၁၆၈) အုပ်အား ပေးအပ်လှူဒါန်းခဲ့ရာ ပဲခူးတက္ကသိုလ်၊ ဥပဒေပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ဆွေမှ လက်ခံရယူပေးခဲ့သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်နှင့် ၊ ဥပဒေပညာဌာန၊ ပါမောက္ခ(ဌာနမှူး)ဒေါက်တာ မြင့်ဆွေတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ကျေးဇူးတင်ဂုဏ်ပြုလွှာနှင့် ပဲခူးတက္ကသိုလ်၊ ဥပဒေပညာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမြင့်ဆွေမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်( ပြန်/ဆက်)