ပြည် မတ် ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ Youth Club လူငယ်စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူလူငယ် မောင်မယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုနိုင်ရန်၊ စာဖတ်စွမ်းရည်နှင့် လူအများရှေ့တွင် ပြောဆိုရဲသည့် စကားပြောစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်၊ ငယ်ရွယ်စဉ်ကပင် ကိုယ်တိုင်ရေးစိတ်ကြိုက်ပန်းချီများ ရေးချယ်ဖန်တီးတတ်သည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် အတွက်ရည်ရွယ်၍ အဆိုပါပြပွဲပြိုင်ပွဲများနှင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ လူထုအခြေပြုဗဟိုဌာနရှိ ကလေးစာဖတ်ခန်းသို့လာရောက်သော မူလတန်းနှင့် အလယ်တန်းအဆင့်ကလေးများ ပျော်ရွှင်စွာပါဝင်ပါဝင်ဆင်နွှဲယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲများအလိုက်ဆုရရှိသူများကို ခရိုင်ပြန်/ ဆက်ဦးစီးမှူးက ဆုလက်ဆောင်များ ချီးမြှင့်ပေးကာ ပြိုင်ပွဲဝင်အားလုံးကို ဝန်ထမ်းများက အာဟာရမုန့်များ ဝေငှပေးသည်။
ဆက်လက်၍ ကလေးများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးပြီး ပြည်သူ့စာကြည့်တိုက်မှ သုတ/ ရသစာအုပ်စာစောင်မျိုးစုံကို ခင်းကျင်းပြသပေးကာ ယင်းစာအုပ်များဖြင့် Youth Club လူငယ်စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)