ကန့်ဘလူ မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ဒေသခံအကျိုးဆောင်တောင်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ယူရီးယားဓာတ်မြေဩဇာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မတ် ၁၂ ရက်နံနက် ၁၀ နာရီခွဲက ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးအောင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှူး ဦးနေဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်တို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အကျိုးဆောင်တောင်သူများကို ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးရခြင်းရည်ရွယ်ချက်များ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်ပြီး အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရွေးချယ်စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေများအသုံးပြုရာတွင် အလေအလွင့်မဖြစ်စေရေးအတွက် စနစ်တကျဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးစိုးအောင်က ရေရှည်တည်တံသော စိုက်ပျိုးရေးနည်းစနစ်များ၊ သဘာဝပတ်ဝန်းကျင်ကိုမပျက်ယွင်းစေသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ မြေဆီလွှာနှင့်ရေထိန်းသိမ်းနည်းများ၊ စပါးအထွက်နှုန်းတိုးတက်စေရန် မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေဩဇာနှင့်ပိုးသတ်ဆေး အသုံးပြုသည့်နည်းစနစ်များ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရမည့်နည်းလမ်းများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်နည်းစနစ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ထိုနောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးဇော်က Drum Seederနှင့်ကြားလိုက်သမန်းနှိုးကိရိယာများ အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးများနှင့် ယင်းကိရိယာများကို ငှားရန်းအသုံးပြုနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် နွေစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများအား ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင်ကျပ် ၄၅၀၀၀ နှုန်းဖြင့် ယူရီးယားဓာတ်မြေဩဇာအိတ် ၁၀၀၀ ကိုရောင်းချပေးခဲ့သည်။ ကန့်ဘလူမြို့နယ်၌ ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် ၂၀၄၃၄ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဦးမျိုးဇော်ထံမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)