မင်းဘူးမြို့တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

မင်းဘူး   မတ်   ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ နွေရာသီအားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် ဝူရှူး၊ ကရာတေး၊ စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်အားကစားနည်းများမှ ဘော်လီဘောအားကစားနည်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ကျန်အားကစားနည်းများကို မတ်လ ၁ ရက်နေ့မှ စတင်သင်ကြားလျက်ရှိကာ မတ်လ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အားကစားသင်တန်းများကို ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မင်းဘူးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နှင်းထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)