ဟင်းသီးဟင်းရွက်စိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ကျွန်းလှ မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာရောင်းချပေးကြောင်း သိရသည်။

“ဒီနှစ် ဆောင်းရာသီအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို ယူရီးယားဓာတ်မြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဝယ်ယူသုံးနိုင်ရေးအတွက် ရောင်းချပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီ၌ချောင်းရေ၊ မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ (၁၀၆) ဧကစိုက်ပျိုးကြောင်း၊ တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများသင်တန်းပေးခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ