ပွင့်ဖြူ မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး နွေစပါးသီးနှံစိုက်ဧက (၃၁၂၈၇) ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသခံ တောင်သူများက နွေစပါးသီးနှံလျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယခု မတ်လဆန်းမှ စတင်ပြီး မဲဇလီရေလွှဲ ဆည်ရေဖြင့် နွေစပါးသီးနှံကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက (၄၅၁၉) ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူဦးကြီးများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများကို နွေစပါးစိုက်ပျိုးမည့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားသဖြင့် ဒေသခံတောင်သူများက ဆည်ရေရရှိသည့် အချိန်မှ စတင်ကာ မိမိတို့၏ လယ်ယာမြေများကို နွေစပါးနှင့် အခြားနွေသီးနှံ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်၍ ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မတ်လဆန်းတွင် နွေစပါးသီးနှံကို စတင်စိုက်ပျိုး လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် ဆက်စပ်ဌာနများက နွေသီးနှံစိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဆီလွှာကောင်းမွန်စေရန် သဘာဝမြေဆွေး၊ မြေဩဇာနှင့် သဘာဝပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ကိုယ်တိုင်ပြုလုပ် သုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး (၃၁၂၈၇) ဧက၊ နွေနှမ်း (၃၇၃၄၈) ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက (၆၈၆၃၅) ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ ယနေ့အထိ နွေစပါးစိုက်ပျိုးပြီးစီးမှု (၄၅၁၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ဆာဖိုးသာ၊ GW 1၊ ရတနာတိုး၊ မနောသု၊ ဆင်းသုခ၊ ချမ်းမြေမေ စသည့် စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )