မြို့သစ်မြို့နယ်၊ ဆင်ဖြူချီကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

မြို့သစ် မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဆင်ဖြူချီကျေးရွာအုပ်စု၊   ဆင်ဖြူချီကျေးရွာ  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊   အဖွဲ့ဝင် (၁) ဗိုလ်မှူးသီဟအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းလင်း၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့သစ်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း အကြောင်းအရင်းများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊  စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊  ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်အကြောင်းအရာများကို  ရှင်းလင်းဆွေးနွေးပြီး  ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)