ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ကုလားပဲရိတ်အငှားလိုက်သူများ နေ့စဉ်ဝင်ငွေရရှိ

ပွင့်ဖြူ မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကုလားပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ကုလားပဲရိတ် အငှားလိုက်သည့် နေ့စားအလုပ်သမားများ နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ အညာကျေးလက်ဒေသတွေမှာ ယခုရာသီက ဆောင်းသီးနှံကုလားပဲစိုက်ခင်းတွေ ရိတ်သိမ်းနေရတဲ့အချိန်ဖြစ်ပါတယ်။ ကုလားပဲသီးနှံရိတ်သိမ်းချိန်မှာ နေ့စားအလုပ်သမားတွေ တစ်ဧကကို (၁၀)ယောက်လောက် ငှားရမ်းပြီး ရိတ်သိမ်းရပါတယ်။ ငှားရမ်းခနှုန်းထားက နေ့စားအလုပ်သမားတစ်ယောက်ကို ငွေကျပ် ၄၀၀၀ နှုန်း ပေးရပါတယ်။ ဒါ့ကြောင့် ခုလို ဆောင်းသီးနှံကုလားပဲစိုက်ခင်းတွေ ရိတ်သိမ်းခြွေလှေ့ချိန်မှာ အညာကျေးလက်ဒေသတွေမှာရှိတဲ့ ကုလားပဲရိတ် အငှားလိုက်တဲ့သူတွေ နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေကြတယ်။ ကုလားပဲအထွက်နှုန်းကတော့ သီးနှံအောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်ပြီး အထွက်နှုန်းတွေ ကွာခြားတာပေါ့။ တစ်ချို့ ကုလားပဲခင်းတွေက တစ်ဧကကို တင်း(၂၀)ခန့် ထွက်ရှိတယ်။ တစ်ချို့ကျ တစ်ဧကကို (၁၀)တင်းလောက် ထွက်ရှိပါတယ်။ ဒီနှစ် ကုလားပဲဈေးနှုန်းက ယခင်နှစ်ကထက် ဈေးကောင်းရရှိတော့ တောင်သူတွေလည်း အဆင်ပြေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူ ဦးစိန်ဌေးက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဆောင်းသီးနှံကုလားပဲစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၂၁၈၄၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၅၂၀၅၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးအတွက် အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများကို နေ့စားအလုပ်သမားများကို ငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ အညာကျေးလက်ဒေသများရှိ ကုလားပဲရိတ် အငှားလိုက်သည့် နေ့စားအလုပ်သမားများအတွက် နေ့စဉ် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )