အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အောင်ပွဲရကရင်ပြည်နယ်ဝူရှူး(ဆန်ဆို)အသင်းအား ဂုဏ်ပြုချီးမြှင့်

ဘားအံ မတ် ၁၃

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အောင်ပွဲရ ကရင်ပြည်နယ်ဝူရှူး(ဆန်ဆို)အသင်းအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ အောင်ပွဲရကရင်ပြည်နယ်ဝူရှူး(ဆန်ဆို)အသင်းမှ ဆုရအားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဝူရှူးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ကြိုးပမ်းအားထုတ်ခဲ့ကြသော ကရင်ပြည်နယ်ဝူရှူးအသင်းအုပ်ချုပ်မှုအဖွဲ့နှင့် အားကစားသမားမောင်မယ်များကို ကရင်ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ထို့နောက် ဝူရှူး(ဆန်ဆို)အမျိုးသမီးပြိုင်ပွဲတွင် ငွေ(၃)ခု၊ အမျိုးသားပြိုင်ပွဲတွင် ရွှေ(၃)၊ ကြေး(၁)ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အောင်ပွဲရကရင်ပြည်နယ်ဝူရှူး(ဆန်ဆို)အသင်း နည်းပြ၊အုပ်ချုပ်သူနှင့် အားကစားသမားများက ရရှိခဲ့သော တံခွန်စိုက်ဆုဖလားအား ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း(၃၀)နှင့် အားကစားဝါသနာရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြရာ ပြည်နယ်ဝူရှူးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အောင်ပွဲရကရင်ပြည်နယ်ဝူရှူးအားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)