ချောက် မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအား ယဥ်ကျေးလိမ္မာပြီး ဘာသာတရားကိုင်းရှိုင်းစေရန် ရည်ရွယ်၍ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့က အ.ထ.က(၄)အေးစေတီကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲဝင်(၂)၊ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကေသဝ(ဂန္တဝါစကပဏ္ဍိတ) စလင်းကျောင်းတိုက်ဆရာတော်ထံမှ သြဝါဒခံယူကာ ယဥ်ကျေးလိမ္မာသင်တန်းကို အရှေ့ငွေတောင်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တလာဘ(ဓမ္မာစရိယ)က စတင်ပို့ချပေးခဲ့သည်။
ယဥ်ကျေးလိမ္မာသင်တန်းတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ရုံးချုပ်က ထုတ်ဝေသည့် ယဥ်ကျေးလိမ္မာသင်တန်းပို့ချမည့် လက်ကမ်းစာစောင်များအား သင်တန်းသား/သင်တန်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါယဥ်ကျေးလိမ္မာသင်တန်းအား နည်းပြဆရာနှစ်ဦးမှ နေစဥ်နံနက် ၈ နာရီမှ ၁၀ နာရီအထိ မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၀၀)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ အေးစေတီကျောင်းတိုက် ပဓါနနာယကဆရာတော် ဦးပညာဝံသ၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းမှ ဦးဆောင်၍ ယဥ်ကျေးလိမ္မာသင်တန်းများကို ယခင်နှစ်က မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ (၇)နေရာတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် ချောက်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများအားလုံးတွင် ဆက်လက်ဖွင့်လှစ်နိုင်ရေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)