ဟားခါး မတ် ၁၃
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဌာနအလိုက် သာမန်အသုံးစရိတ်၊ ငွေလုံငွေရင်းအသုံးစရိတ်များကျခံသုံးစွဲခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများပြုပြင်ခြင်းများ စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နားလည်သဘောပေါက်မှသာ ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုနည်းပါးမည်ဖြစ်ကြောင်း၊ ဌာနအသီးသီးမှ ဘဏ္ဍာရေးနှစ်အလိုက် သာမန်ရန်ပုံငွေ၊ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ စာရင်းစစ်ဆေးမှုခံယူရာတွင် အချို့သော ဌာန ဆိုင်ရာများအနေဖြင့် စာရင်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအရ ရန်ပုံငွေများ ပြန်လည်ပေးသွင်း ခြင်းများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့သောအားနည်းချက်များ မရှိစေရေးအတွက် ယခု ကဲ့သို့ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား/သူများအနေဖြင့် ရရှိသည့်အခွင့် အရေးကိုစနစ်တကျ အသုံးချနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြများကိုယ်စား ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးနှတ်ဆက် အားပေးစကားပြောကြားသည်။
အဆိုပါသင်တန်းကို မတ်လ (၁၂) ရက်နေ့မှ (၁၄)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်း (၇၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)