မုံရွာ မတ် ၁၃
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက ပြဋ္ဌာန်းထားသည့် ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါ တာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေဆိုပြီးရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဥပဒေအား မြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေးလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟု လည်းကောင်းပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်အား လူကြီး၊ လူငယ်မရွေး တိုင်းရင်းသား ပြည်သူအားလုံး သိနားလည်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှု မထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့ စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းချပြဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက သိရှိလိုသည်များကို အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြရာ ပါမောက္ခချုပ် ဒေါက်တာသီတာကြူက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ စီမံဘဏ္ဍာနှင့် သင်တန်းရေးရာဌာနများမှ အရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)