တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်း ဆောင်ရွက်

တောင်တွင်းကြီး မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူလူထုအား မီးဘေးအန္တရာယ်မှကင်းဝေးစေရန်၊ မီးဘေးအသိ၊ မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးအသိ၊ မီးဘေးသတိဖြင့် နေထိုင်သွားရန်၊ မိမိတို့နေအိမ်များတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာများ ဝန်အားမျှတစွာ အသုံးပြုရေးနှင့် မလိုအပ်ပါက စနစ်တကျပိတ်ထားစေရန်၊ မီးကြွင်းမီးကျန်များအား ဂရုတစိုက်စစ်ဆေးရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်းမပြုလုပ်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေများ ပြည့်စုံစွာထားရှိသွားရန်နှင့် မီးသတ်ဆေးဘူးများ ဆောင်ထားရန်၊ အရေးပေါ်အခြေအနေသို့ ရောက်ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ဆောင်ရွက်နိုင်ရန်တို့ကို အသိပေး နှိုးဆော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့မမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် (၁၀)ရပ်ကွက်သို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)