မုံရွာတက္ကသိုလ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မုံရွာ၊ မတ် ၁၂

မုံရွာတက္ကသိုလ်ရှိ ဝန်ထမ်းများ အား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နေ့လယ် (၂) နာရီ က အဆိုပါတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာမုံရွာတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာဌေးဌေးက ပြဋ္ဌာန်းထားသည့်ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါတာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီး ရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်း ဥပဒေအားပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင် သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက်စစ်မှု ထမ်းရန်တာဝန်ရှိသည်ဟုလည်းကောင်း ပြဌာန်းထားပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊လူငယ်မရွေးတိုင်းရင်းသား ပြည်သူအားလုံးသိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ် ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းမှကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွေ့ဆိုင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသေးစိတ် ရှင်းလင်းချပြဆွေးနွေးခဲ့သည်။

ထို့နောက် ရှင်းလင်းချပြဆွေးနွေးပွဲသို့တက်ရောက်လာသော မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များက မုံရွာတက္ကသိုလ်ရှိ ဝန်ထမ်းများနှင့် ကျောင်းသား/သူများနှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းမှုအပေါ် ထပ်ဆင့်ရှင်းလင်းခဲ့ပြီး သိရှိ လိုသည့်မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ဝန်ထမ်းများ သိရှိလေ့လာနိုင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရမှ ထုတ်ဝေသည့်ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ "သတင်းစကား " လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)