ကန့်ဘလူမြို့၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ် (၂/၂၀၂၄) နှင့်ပန်းချီသင်တန်း ဖွင့်ပွဲကျင်းပ

ကန့်ဘလူ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့်ဒေသခံ ပြည်သူများ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျလေ့လာ ကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ် (၂/၂၀၂၄) နှင့်အခြေခံပန်းချီသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အဖွက့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဒေသတွင်းလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့် လှစ်ခြင်းဖြစ်ပြီး သင်တန်းများကို ယမန်နှစ်က တစ်ကြိမ်လျှင် ၁၀ ဦးနှုန်းဖြင့် သုံးကြိမ်၊ ယခုနှစ်တွင် အခုသင်တန်းအပါအဝင် နှစ်ကြိမ်ဖွင့်လှစ်လျက်ရှိကာ နောင်တွင်လည်းဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းချီသင်တန်းနည်းပြဆရာ ဦးစိုးမြင့်ဝေ (ပန်းချီစိုးမြင့်ဝေ) က သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းများတွင် ကွန်ပျူတာအခြေခံသင်တန်း၌ သင်တန်းသား ၁၀ ဦး (တစ်လကြာ)၊ အခြေခံပန်းချီသင်တန်း၌ သင်တန်းသား ၅၅ ဦး ( ၁၀ ရက်ကြာ) တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)