မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

မြဝတီ မတ် ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၉၄ ဦး စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြဝတီမြို့နယ်တွင် အ.ထ.က(၁) မြဝတီ စာစစ်ဌာန တစ်ခုသာ ဆောင်ရွက်ထားရှိပြီး ကျောင်းတွင်း ဖြေဆိုသူ ဇီဝဗေဒဘာသာတွဲ ၅၂ဦး၊ ဘောဂဗေဒဘာသာတွဲ ၂၁၇ ဦးနှင့် ဝိဇ္ဇာဘာသာတွဲ ၉ ဦး၊ ကျောင်းပြင်ပ အလွတ်ဖြေဆိုသူ ဇီဝဗေဒဘာသာတွဲ ၆ ဦးနှင့် ဘောဂဗေဒဘာသာတွဲ  ၁၀ ဦးရှိကာ အင်္ဂလိပ်စာဘာသာရပ်တွင်ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၉၄ ဦးရှိပြီး ဖြေဆိုသူအားဖြင့် စာရင်းရှိ ၃၂၅ ဦး၌ ပျက်ကွက်သူ ၃၁ ဦးရှိကာ ဝင်ရောက်ဖြေဆိုသူ  ၉၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ  သိရသည်။

ယင်းတက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူ ၂၉၄ ဦးတို့အား မြဝတီခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊အမှတ် ၂၇၅ တပ်ရင်းမှူး ဗိုလ်မှူးဇော်ဟံဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်  မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက‌  စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်  သီးစုံဓာတ်ဆား အားပြည့်အချိုရည်  ရွိုင်ရယ်ဒီ  တစ်ဦးချင်းအလိုက်  ဝေငှပေးပြီး  အားပေးစကားများ  ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)