ပခုက္ကူမြို့တွင် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့သူနာပြုသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ပခုက္ကူခရိုင်တွဲဖက် ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်တို့က သတင်းတု၊ သတင်းမှားများကို နားမယောင်ရန်၊ သတင်း၏အဓိကအချက်များနှင့် အစိုးရ၏ သတင်းဌာနများအကြောင်း၊ လူငယ်နှင့် အောင်မြင်သူတို့၏ လက္ခဏာ၊ လူငယ်များစာပေဖတ်ရှုရခြင်း၏ အကျိုး၊ လူငယ်များဖွံ့ဖြိုးတိုးတက်ရန် လိုက်နာရမည့်အချက်များ၊ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူတစ်ဦးက လူငယ်အသိပညာပေးဟောပြောပွဲမှ လူငယ်များတိုးတက်ရေးနှင့် အသိပညာများကို သိရှိရသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူ ၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

တက်လူ(ယောဧရာ)