မင်းဘူး မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနေမှုအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ပွင့်ဖြူမြိုနယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ကုန်းဇောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှစ်ခု၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ဦးစွာကြည့်ရှုစစ်ဆေးပြီး စာပေးပွဲဖြေဆိုရာ၌ အတွင်းစည်း၊ အပြင်စည်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသော ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာနနှစ်ခုတွင် ကျောင်းတွင်း/ကျောင်းပြင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူပေါင်း ၆၄၅ ဦးက အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)