မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၁)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြု

ဂန့်ဂေါ နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသ ခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ဂန့်ဂေါမြို့ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ “ သူက ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာမှ ပိုးတွေ့လူနာပါ၊ ပြည်တွင်း/ ပြည်ပပြန်မဟုတ်ဘဲ ဒေသခံများဖြစ်ခြင်းနှင့်မည်သူ့ထံမှ မည်သည့်ဒေသမှ ကူးစက်ခဲ့သည်ကို သေချာ မသိ၍ ကွင်းဆက်ပြတ်ဒေသတွင်းကူးစက်မှုဖြစ်နိုင်ပြီး စိုးရိမ်ရသောအခြေနေဖြစ်သဖြင့် ကျန်းမာရေး ဌာနမှ သတိထားပြီးကုသခဲ့ရကြောင်း၊ အဆိုပါရွာနဲ့ အခြားဘေးရွာများသို့ (လုံးဝ) ဆင့်ပွားကူးဆက်မှု မရှိခဲ့ကြောင်း” ဂန့်ဂေါမြို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

အဆိုပါလူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်ချက် များနှင့်အညီ ကိုက်ညီသဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီးနောက် မိမိနေအိမ်၌(၇)ရက် အသွားအလာ ကန့်သတ်ကာ မိမိအိမ်တွင်နေထိုင်ရမည်ဖြစ်ကြောင်း ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်ခင်ချိုလတ် နှင့် သူနာပြုဆရာမကြီး ဒေါ်ရီရီထွေးတို့က ဆေးရုံဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ဆက်လက် ဆောင်ရွက်ရမည့်အချက်များ တိကျလိုက်နာရန် မှာကြား ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူသူ(၃)ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)