မြို့သစ်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

မြို့သစ် မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့သစ်မြို့နယ်၊ လယ်ပြင်ရပ်ကွက်၊ ဝါဝါဝင်းစက်သုံးဆီအရောင်းဆိုင်၌မီးဘေး ကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့ကကျင်းပခဲ့ရာ မြို့သစ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေလင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ဝါဝါဝင်းစက်သုံးဆီ အရောင်းဆိုင်မှ အရောင်းဝန်ထမ်းများတက်ရောက်သည်။

အခမ်းအနားတွင် မြို့သစ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေလင်းကျော်က လုံခြုံရေး၊ ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းရည်ရွယ်ချက်၊ မီးလောင်မှုအခြေခံသဘောတရားနှင့် မီးငြှိမ်းသတ်ခြင်းစနစ်၊ မီးအမျိုးအစားခွဲခြားခြင်း၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများ၊ မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်း၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ မီးလောင်မှုဖြစ်ပွားသည့် အခြေအနေများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့သစ်မြို့နယ်မီးသတ်ဦးစီးမှူး  ဦးဝေလင်းကျော်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁ဝ) ဦးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများအဖြစ် ရိုးရိုးမီး၊ ဆီမီး၊ Gasမီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)