ငဖဲ မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မာန်အောင်ကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကပစ(၁၄)မှ ဗိုလ်ကြီးကောင်းမြတ်သူနှင့် မြို့နယ်ပြန်/ဆက် ဦးစီးမှူးဒေါ်ယုယုသိန်း တို့ကပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရခြင်းအကြောင်းရင်းများ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြု ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာဥပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို အသီးသီးအသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)