ကန့်ဘလူမြို့၌ အခြေခံပညာမူလတန်းဆင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့်အခြေခံပန်းချီသင်တန်း (မူ/ဆင့်) ဆင်းပွဲကျင်းပ

ကန့်ဘလူ မတ် ၁၂

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပညာမူလတန်းဆင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ၊ အခြေခံပန်းချီသင်တန်း (မူ/ဆင့်) ဆင်းပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာမူလတန်းဆင့် ပန်းချီပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးရာ ကျောင်းသားကျောင်းသူ ၃၅ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် အခြေခံပန်းချီသင်တန်း (မူ/ဆင့်) ဆင်းပွဲဆက်လက်ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ရှည်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကာယဉာဏပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်စေရန်နှင့်သင်တန်း မှပို့ချပေးခဲ့သည့် ပန်းချီပညာရပ်များကိုလည်း ဆက်လက်ဆည်းပူးလေ့လာသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁၁ ရက်နေ့အထိ သင်တန်းကာလ ၁၅ ရက်တာတွင် သင်တန်းသားသင်တန်းသူ ၆၇ ဦးတက်ရောက်ခဲ့ကြောင်းနှင့်သင်တန်း၌ ပန်းချီဆရာကြီးဦးစိုးမြင့်ဝေက မျဥ်းဖြောင့်၊ မျဥ်းကွေး၊ အနီးအဝေး၊ အလင်းအမှောင်၊ လူပုံအဆင့်ဆင့်ရေးဆွဲနည်းများကို သင်ကြားပိုချပေးခဲ့ကြောင်းသိရသည်။

 ယင်းနောက် တက်ရောက်လာကြသူ ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)