သရက် မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၏ ဒေသထွက်ကုန်ဖြစ်သည့် မလိုင်လုံးကို လူသိများကြပြီး သရက်ဒေသကိုရောက်လျှင် အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိကြပါသည်။ သရက်မြို့ရှိ ရွှေဟင်္သာမလိုင်လုပ်ငန်းသည် မိဘ၊ ဘိုးဘွားများလက်ထက်မှ စတင်လုပ်ကိုင်ခဲ့ရာ နှစ်(၇၀)ကျော်ခန့်ရှိပြီဖြစ်ကြောင်း ရွှေဟင်္သာမလိုင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရင်ရင်အေးထံမှ သိရှိရသည်။
မေး - ဒေသထွက်ကုန်လုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ကိုင်ခဲ့ပါသလဲရှင့်။
ဖြေ - မလိုင်လုံးလုပ်ငန်းကို မိဘ၊ ဘိုးဘွားများ လက်ထက်ကစတင်လုပ်ကိုင်ခဲ့တာ နှစ် (၇၀)ကျော် ရှိပြီး၊ မိဘတွေမလုပ်နိုင်တော့တဲ့ အချိန်ကနဲ့ စတင်လုပ်ကိုင်ခဲ့တာ နှစ်(၃၀)ကျော် ရှိပြီဖြစ်ပါတယ်။
မေး - မလိုင်လုံးထုတ်လုပ်ရာမှာ ဘာပစ္စည်းတွေပါဝင်ပါသလဲရှင့်။
ဖြေ - ပါဝင်တဲ့ပစ္စည်းကတော့ နွားနို့ကို ခဲထားတဲ့ နို့ခဲ၊ ဆန်မှုန့်၊ သကြားတို့ပါဝင်ပြီး ဓာတု ဆေးဝါးသုံးစွဲခြင်း မရှိပါရှင့်။
မေး - မလိုင်လုံး ဘယ်နှစ်မျိုးထုတ်လုပ်ပြီး ဘယ်နှစ်ရက်လောက် ထားလို့ရပါသလဲရှင့်။
ဖြေ - မလိုင်အစိုနှင့် အခြောက် (၂)မျိုးထုတ်လုပ်ပြီး အခြောက်ကတော့ ရက်(၂၀)ခန့် အထားခံပြီး အစိုကိုတော့ ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုလျှင် (၁၂)ရက်ခန့် ထားလို့ရပါတယ်။
မေး - ရွှေဟင်္သာမလိုင်လုံးကို သရက်မြို့သာမက အခြားဒေသတွေကို တင်ပို့ရောင်းချမှု ရှိပါသလားရှင့်။
ဖြေ - အောင်လံ၊ ပြည်၊ ရန်ကုန်၊ မြဝတီမြို့များထိ တင်ပို့ရောင်းချရပါတယ်ရှင့်။
မေး - မလိုင်လုံးကို နေ့စဉ်ထုတ်လုပ် ရောင်းချနေပြီး ဘယ်လိုအချိန်မှာ ရောင်းအား အကောင်းဆုံးဖြစ်ပါသလဲရှင့်။
ဖြေ - သီတင်းကျွတ်လနှင့် သင်္ကြန်ရက်တွေမှာ ရပ်ဝေးကို အလုပ်သွားရောက် လုပ်ကိုင်နေသူ ဒေသခံတွေက အလုပ်ပိတ်ရက်ပြန်လာပြီး အပြန်မှာ ဝယ်ယူလေ့ရှိလို့ ရောင်းအားအကောင်းဆုံးဖြစ်ပြီး အခြားအချိန်တွေကတော့ ပုံမှန်ပါဘဲရှင့်။
မေး - ကုန်ကြမ်းတွေကို ဘယ်လိုများ သိုလှောင်ထားရပါသလဲရှင့်။
ဖြေ - မလိုင်လုံးကို ဆန်နုသုံးလို့မရတဲ့အတွက် ဆန်ကြမ်းကို အိတ် (၃၀)ခန့်၊ သကြားအိတ် (၅၀)ခန့် လှောင်ထားရပါတယ်။
မေး - မလိုင်လုံးပြုလုပ်ပုံလေးနဲ့ အကျိုးအမြတ်ကလေးလည်း သိပါရစေရှင့် ။
ဖြေ - နို့ခဲ ၁ ပိသာ ၅ဝ ကျပ်သား၊ ဆန်မှုန့်နို့ဆီ (၈) ဘူး ထောင်းပြီး နှပ်ထားရပါတယ်။ ပြီးလျှင် အလုံးလေးများလုံးပြီး သကြား ၁၀ ပိသာကြိုထားတဲ့ ဒယ်မှာ ထင်းမီးအနေတော်နဲ့ ပြုတ်ရပါတယ်။ အလယ်မှာ မာမနေအောင် စနစ်တကျ ပြုလုပ်ရပါတယ်။ တစ်နှစ် ပတ်လည်ဆိုလျှင် သိန်း(၃၀)ကျော်လောက် မြတ်ပါတယ်ရှင့်။
မေး - ရွှေဟင်္သာမလိုင်လုံးလုပ်ငန်းကို မိဘလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ပြီး မရင်ရင်အေး လုပ်ကိုင်ခဲ့တာ နှစ် (၃၀)ကျော်ရှိပြီဆိုတော့ လုပ်ငန်းနဲ့ပတ်သက်ပြီး အခက်အခဲများ ရှိပါသလားရှင့်။
ဖြေ - အခက်အခဲမရှိ လုပ်ကိုင်နိုင်ပါတယ်။ ကျွမ်းကျင်တဲ့အလုပ်လည်းဖြစ်နေတော့ ရေရှည် ဆက်လက်လုပ်ကိုင်သွားမှာပါရှင့်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းကဏ္ဍကို နိုင်ငံတော်မှ အထောက်အပံ့များပေးကာ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် သရက်လက်ဆောင် ရွှေဟင်္သာမလိုင်လုံးလုပ်ငန်းသည်လည်း မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် နှစ်(၇၀)ကျော် လုပ်ကိုင်နေသည့် အသေးစား၊ အလတ်စား လုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
မေးမြန်းသူ - မြင့်မြင့်ဆွေ (ပြန်/ဆက်)
ဓာတ်ပုံ - ဇော်ထက်(သရက်)