ပွင့်ဖြူ မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများက မြေအောက်ရေအသုံးပြု၍ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် သင်္ဘောသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးလုပ်ကိုင်ကြရာ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် သင်္ဘောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
သင်္ဘောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ဂရုတစ်စိုက် ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေ တိုးပွားစေမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ဒေသခံတောင်သူများက အခြား စားဖိုဆောင်သီးနှံများနှင့် တွဲဖက်ကာ သင်္ဘောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြ ကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် သင်္ဘောသီးနှံ စိုက်ပျိုးတောင်သူဦးရေ ပိုမိုများပြားလာကြောင်း သိရသည်။
အဆိုပါ သင်္ဘောသီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်၍ ပြည်သူများက အကြိုက်တွေ့ဝယ်ယူ စားသုံးကြသဖြင့် ဈေးကွက်ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ သင်္ဘောပင်သည် ရေဝပ်သောနေရာနှင့် ရေခြောက်သွေ့သော နေရာများတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမှုနည်းပြီး သဲနုန်းမြေ သို့မဟုတ် နုန်းမြေများတွင် စိုက်ပျိုးပါက ပိုမိုအောင်မြင် ဖြစ်ထွန်းမှုရှိကြောင်း ၊ စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့် တစ်ပင် အနည်းဆုံး ၅ ပေခြား စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးပြီး ခြောက်လအကြာတွင် ရောင်းတန်းဝင် သင်္ဘောသီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်းနှင့် ဈေးနှုန်းအနေဖြင့် အလုံးကြီးပါက တစ်လုံးလျှင် ငွေကျပ် ၁၅၀၀ နှုန်း ရောင်းချရပြီး အလုံးသေးပါ တစ်လုံးလျှင် ငွေကျပ် ၇၀၀ ၊ ၈၀၀ ခန့် ရောင်းချရကြောင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ မြေအောက်ရေအသုံးပြု၍ တစ်ပိုင်တစ်နိုင် သင်္ဘောသီးနှံ စိုက်ပျိုးလုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ရက်ကန်းချည်ရက်လုပ်ခြင်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး ယခုနှစ်တွင် အချို့တောင်သူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် ချေးငွေရယူကာ ဆိုလာဓာတ်အားစနစ် တွဲဖက်၍ မြေအောက်ရေကို ရယူပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဖူးစားပြောင်း၊ ကုလားပဲ၊ ပဲတီစိမ်းသီးနှံများ စိုက်ပျိုးခြင်းအပြင် နေ့စဉ် မိသားစုဝင်ငွေတိုးပွားရေးအတွက် စားဖိုဆောင်သီးနှံနှင့် ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေသည့်အတွက် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )