ကံမမြို့နယ် အလယ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကံမ မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ အလယ်ကျေးရွာအုပ်စု အလယ်ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ယမန်နေ့နံနက် (၁၀) နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံအရာရှိများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ 

အဆိုပါ ဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့်  ဒုရဲအုပ် ဟန်ဘိုဘိုထွန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏  ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ် ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး   ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ  သိ‌ကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်‌ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)