မကွေး မတ် ၁၂
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ကန်ပြားလမ်းဆုံ (Junction) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ ကန်ပြားလမ်းဆုံ (Junction) ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး၊ ဦးအောင်ချိန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစံမင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ယာယီမဏ္ဍပ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန် စေရေးတို့အတွက် ဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေကျပ် (၁၉ ဒသမ ၁၉၉)ဘီလီယံခန့် အသုံးပြုပြီး လမ်းမိုင်ပေါင်း (၅၆)မိုင်ကျော်နဲ့ တံတားပေါင်း (၂၀) စင်းတို့ကို ဆောင်ရွက်ပေးနေတဲ့အတွက် လုပ်ငန်းအားလုံးပြီးစီးပါကတိုင်းဒေသကြီးအတွင်း နေထိုင်သော ဒေသခံပြည်သူများ၏ ထုတ်ကုန်များ၊ သီးနှံများ ကုန်သွယ်ရောင်းချရာမှာ လုံခြုံလွယ်ကူချောမွေ့ ကောင်းမွန်တဲ့လမ်း/တံတားများကို အသုံးပြုသွားလာနိုင်ကြမှာဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူ များအနေဖြင့် လမ်းများရေရှည်တည်တံ့ခိုင်မြဲပြီး မပျက်စီးရန် စည်းကမ်းသတ် မှတ်ချက်များနှင့်အညီ အသုံးပြုထိန်းသိမ်းစောင့်ရှောက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစံမင်းအောင်က ကန်ပြားလမ်းဆုံ (Junction) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကန်ပြားလမ်းဆုံ (Junction) အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် မီးပွိုင့်တပ်ဆင်ထားသောကန်ပြားလမ်းဆုံ (Junction) နေရာသည် ကောင်းမွန် ကုမ္ပဏီမှ BOTစနစ်ဖြင့် တာဝန်ယူထားသော ရန်ကုန် - ပြည် - မန္တလေးလမ်းပိုင်း၊ လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော နေပြည်တော် - တောင်ညို - မြို့သစ် - ကန်ပြား (မကွေး)လမ်းပိုင်း၊ နဒီရွှေဝါ ကုမ္ပဏီမှ BOTစနစ်ဖြင့် တာဝန်ယူထားသော ပျော်ဘွယ်-ရွာမွန်-နတ်မောက်-ကန်ပြား (မကွေး) လမ်းပိုင်း (၃)ခုဆုံသည့်နေရာဖြစ်ကာ ယခင်က အဆိုပါနေရာရှိ အဝိုင်းပတ်သည် စနစ်တကျတိုင်းထွာပြီး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ထားခြင်းမဟုတ်ပဲ လမ်းဆုံရှိညောင်ပင်အား အုတ်စီပတ်ခင်းထားသော အဝိုင်းပတ်ဖြစ်ကာ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်နိုင်သည့်အတွက် ယခုလို သတ်မှတ်ချက်နှင့်အညီ မီးပွိုင့်တပ်ဆင်သော လမ်းဆုံ(Junction) ဆောင်ရွက်ပေးခဲ့တာဖြစ်သည့်အတွက် လမ်းအသုံးပြုသူ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)