ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချသည့် လုပ်ငန်း ဒေသနေပြည်သူများ တိုးချဲ့လုပ်ကိုင်လာ

ရှမ်းရွာသစ်   မတ်   ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင်ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းလုပ်ငန်းကို ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဆပ်ပြာဆီပြုလုပ်ရောင်းချသည့် လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာကြောင်း သိရသည်။

ဆပ်ပြာဆီပြုလုပ်ရာတွင် ပလပ်စတစ်ပုံအကြီးဖြင့် ဖျော်စပ်ရပြီး ရေ(၂၀)လီတာထည့်ရ၍ ဆပ်ပြာဆီ ပြုလုပ်ရသည့် ဂျယ်လီ၊ ဆန်အမှုန့်၊ စိတ်ကြိုက်အရောင်နှင့်အနံ့၊ ဆားတို့ကိုထည့်ပြီး ပါဝင်သော ပစ္စည်းများကို အချိုးအဆအတိုင်း တစ်နာရီဖျော်စပ်ရကြောင်း၊ ဆပ်ပြာဆီသည် အိမ်သုံးအဝတ်လျှော်၊ အိုးဆေး၊ ပန်းကန်ဆေးခြင်းကို အိမ်တိုင်းအသုံးပြုသောကြောင့် တစ်လီတာလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် အိုးမကွာအိမ်မကွာ လုပ်နိုင်သောကြောင့် ဒေသနေပြည်သူ အများစု ပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် ယမန်နှစ်ထက် ဆပ်ပြာကုန်ကြမ်းများ ဈေးနှုန်းအနည်းငယ်မြင့်တက်သော်လည်း ဒေသနေပြည်သူများ တိုးချဲ့လုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်းသည် အိမ်ရှင်မများ မိမိအိမ်မှာနေထိုင်ပြီး မိသားစုတစ်ပိုင် တစ်နိုင်လုပ်ကိုင်နိုင်သည့် အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြင်း၊ မိမိတို့အိမ်တွင် အသုံးပြုနိုင်သော ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ပြီး မိသားစုအပိုဝင်ငွေတိုးစေသော လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း ဆပ်ပြာဆီပြုလုပ် ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)