ကန့်ဘလူမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်

ကန့်ဘလူ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် လူထုနှင့်ဌာနဆိုင်ရာများ၏ အဆောက်အဦး၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော ပွဲနှင့်မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြန်မာ့သစ်လုပ်ငန်းဌာန၊ KBZ Bank၊ ခန့်ညားရတနာ ပုဂ္ဂလိကဆေးရုံတို့၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဌေးဝင်းက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောရာတွင် မိမိတို့နေအိမ်အတွင်း ချက်ပြုတ်စဥ်ကာလ၌ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ နေအိမ်၊ ရုံးဌာနအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီးကြိုးများဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စ်မီးမှတစ်ဆင့် မီးခေါင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်စဥ်ကာလအတွင်း သတိထားရမည့်အချက်များ၊ လောင်စာဆီမှတစ်ဆင့် မီးခေါင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များကို မီးခေါင်မှုဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးရာ ဝန်ထမ်းများက ပူးပေါင်းသရုပ်ပြလေ့ကျင့်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်မီးသတ်စခန်းမှူး ဦဇော်လင်းတို့က ရုံးနှင့်ဆေးရုံဆေးခန်းများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)