ပုသိမ် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့် အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၆)၊ (၈)၊ (၇) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအား လှည့်လည်ကြည့်ရှု အားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြု ဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ စာစစ်ဌာန (၂၃၀)ခုတွင် မြန်မာစာ ဘာသာရပ်အား ကျောင်းသား (၇၇၆၃)ဦး၊ ကျောင်းသူ (၁၁၁၈၀)ဦး၊ စုစုပေါင်း (၁၈၉၄၃)ဦး ဝင်ရောက်ဖြေဆို ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)