မြဝတီမြို့ခရိုင်၌  ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

မြဝတီ မတ် ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း၏ သဘောသဘာဝများကို သိရှိနားလည်ပြီး ဌာနရည်မှန်းချက် တာဝန်များ မှန်ကန်မြန်ဆန်စွာ  ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍  ရုံးစာရေးသားနည်းသင်တန်း(/၂၀၂၄)  ကို မတ် ၁၁ ရက်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online Virtual စနစ်ဖြင့် ဖွင့်လှစ် သင်ကြားပေးသည်။ 

ဦးစွာ  ကရင်ပြည်နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးသည်။ ထို့နောက် သင်တန်းပထမနေ့ သင်ခန်းစာတွင် ပါဝင်သည့်  ရုံးလုပ်ငန်း သဘောတရားကို  ညွှန်ကြားရေးမှူး  ဦးမောင်မောင်ကလည်းကောင်း၊ ဝင်စာများ အရေးယူဆောင်ရွက်ခြင်းကို   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီကလည်းကောင်း  သင်ကြားပို့ချပေးသည်။

မြဝတီခရိုင်အနေဖြင့်  အဆိုပါ သင်တန်းတွင်   ရုံးလုပ်ငန်း သဘောတရားများ၊   ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း၊ စာပေးစာယူ၊  အစည်းအဝေး ကျင်းပခြင်းနှင့်    မှတ်တမ်းတင်ခြင်း၊ ထွက်စာများကို အရေးယူ ဆောင်ရွက်ခြင်း၊ ပစ္စည်းမှာယူခြင်းနှင့် သုံးစွဲခြင်း၊ ကြေးနန်းစာရေးသားနည်း၊ စာရွက်စာတမ်းများ လုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ရုံးစာရေးသားနည်း ဘာသာရပ်များကို မတ် ၁၁ မှ ၁၅ ရက်နေ့ထိ (၅) ရက်တာ ကာလအတွင်း ခရိုင်ဦးစီးမှူးလေးဦးတို့က ဝန်ထမ်း ၁၁ ဦးတို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)