တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ထားဝယ်  မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုအား ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဖြေဆို/ပျက်ကွက်သူဦးရေ စာရင်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက စာမေးပွဲအခန်း တာဝန်ကျ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးကြရန်၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း စာဖြေခန်း အတွင်းအပြင် သန့်ရှင်းရေး၊ လေဝင်လေထွက် ကောင်းမွန်ရေးနှင့် အလင်းရောင် လုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သက်ဆိုင်ရာ စာစစ်ဌာန (၁၇) ခု၌ အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုသူ ဦးရေ ကျား(၉၂၂)ဦး၊ မ(၁၅၇၃)ဦး၊ စုစုပေါင်း(၂၄၉၅)ဦး၊ (၉၄.၆၉%) ဝင်ရောက်ဖြေဆိုကြောင်း သိရပြီး ပျက်ကွက်သူ ဦးရေမှာ ကျား(၇၂)ဦး၊ မ(၆၈)ဦး၊ စုစုပေါင်း(၁၄၀)ဦး၊ (၅.၃၁%) ရှိကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများ၌ ဆရာ/မများ၊ ကျောင်းသား/သူများအား စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)