နတ်မောက်မြို့နယ်၊နဘူးကွဲကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

နတ်မောက် မတ် ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်း ထုတ်ချေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက  နဘူးကွဲကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် အကျိုး ကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။                               

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နဘူးကွဲကျေးရွာ၌  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၂ ဦး ငွေကျပ် ၅၅.၀၀ သန်း စုစုပေါင်းအသင်းသား/ အသင်းသူ ၁၂၂ ဦး ကို (၉)ကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၅.၀၀သန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း ၄၁ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်မှ ပြောပြ၍သိရသည်။

မူမူစန်း