ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာ လျာထားဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

ရွှေတောင် မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဆောင်းနေကြာ (၇၃၅) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၃- ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးကြရာ နေကြာစိုက်ဧက (၇၃၅) လျာထားဧကပြည့်မှီ စိုက်ပျိုးပြီးစီးခဲ့သည်။ အဆိုပါနေကြာများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးအောင်နှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ဆောင်းသီးနှံနေကြာ လျာထားချက်ပြည့်မီရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တောင်သူအများစုအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းပညာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြပြီး ယခုနှစ်တွင်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးကြသည့် နေကြာများအထွက်နှုန်းကောင်းစေရန်နှင့် အရည်အသွေးကောင်းနေကြာများ ထွက်ရှိစေရန် မြေယာပြုပြင်ခြင်းလုပ်ငန်းများ မြေသြဇာအသုံးပြုနည်းများ၊ ပိုးသတ်ဆေးအသုံးပြုနည်းများ၊ ရေအသုံးချမှုဆိုင်ရာများနှင့် နေကြာမျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုး၍ သီးထပ်သီးညှပ်စိုက်ပျိုးနည်းစနစ်များဖြင့် ယခုနှစ်တွင်စိုက်ပျိုးလာကြကြောင်း အထွက်နှုန်းတိုးပြီး စားနပ်ရိက္ခာဆီဖူလုံစေရန် မြို့နယ်အလိုက် နည်းစနစ်မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)