မိုးညို မတ် ၁၂
၂၀၂၃ -၂ ၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် (ဒုတိယနေ့) အား အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အင်္ဂလိပ်စာဘာသာရပ်အား မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုဖြစ်သည့် အ.ထ.က (မိုးညို) တွင် ကျောင်းသား/သူ(၉၄)ဦး၊ အ.ထ.က(ထိန်တော)တွင် ကျောင်းသား/သူ(၄၃)ဦး၊ အ.ထ.က(ရေကင်း) တွင် ကျောင်းသား/သူ(၅၉)ဦး၊ အ.ထ.က(ပတ္တော်)တွင် ကျောင်းသား/သူ(၅၈)ဦး၊ အ.ထ.က(ဆင်မနိုင်)တွင် ကျောင်းသား/သူ(၃၆)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၉၀) ဦးဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)