မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူအခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မုံရွာ မတ် ၁၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်ပြီး မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအတွက် စားသုံးသူအခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်၂ နာရီခွဲက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ဦးစီးအရာရှိများက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် (Motto) ““စားသုံးသူအခွင့်အရေးဦးစားပေး” စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် (Vision) “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ (Mission) မှာစားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်အရည်အသွေးဆိုင်ရာစိစစ်ကြပ် မတ်မှုလုပ်ငန်းများဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်တို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပါဝင်ရမည့်အချက်များအား လည်းကောင်း၊စားသုံးသူအခွင့်အရေး (၈) ချက်တွင် အခြေခံလိုအပ်ချက်များအပေါ်စိတ်ကျေနပ်မှုရရှိခွင့် (Right to Satisfaction of Basic Needs)၊ ဘေးအန္တရာယ်ကင်း ရှင်းစွာ အသုံးပြုခွင့် (Right to Safety) ၊ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များရရှိခွင့်(Right to Information)၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့် (Right to Choice) PAREBOOT၊နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်(Right to be Heard) BE heard၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့် (Right to Redress) SAFETY ၊ အသိပညာ၊ ဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် (Right to Education) CONSUMER EDUCATION ၊ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့် (Right to Healthy Environment) စသည်တို့ကိုလည်းကောင်း Power point ဖြင့် အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးရင် တိုင်ကြားနိုင်ပါတယ်” ထိုသို့တိုင်ကြားနိုင်ရန်အတွက် မုံရွာခရိုင်ဦးစီးမှူးရုံး၊ မုံရွာမြို့ကျန်စစ်သားလမ်း၊ နန္ဒဝန်ရပ်၊ ဝ၇၁-၂၂၉၂၄ Website:www.doca.gov.mm Email: docamonywa768@gmail.com FB: Doca Monywa တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)