တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီး မတ် ၁၁

မ‌ကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာတွင် စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးခဲ့ရာ‌ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများမှာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာကို စီးပွားဖြစ်စိုက်ပျိုးလာလျက်ရှိရာ ယခင်နှစ်ကထက် စိုက်ပျိုးသူ များပြားလာကြောင်းနှင့် ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီးညှပ်အပြင် နေကြာတစ်မျိုးတည်းသီးသန့်ဖြင့် ရာသီမရွေး မျိုးစေ့စျေးနှုန်း သက်သာစွာ ဝယ်ယူစိုက်ပျိုးနိုင်သောသီးနှံဖြစ်၍ မိုးရာသီအပြင် ဆောင်းရာသီတွင်လည်း စိုက်ပျိုးလျှက်ရှိသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျေးလက်နေ တောင်သူများမှာ မိုးသီးနှံများ သိမ်းဆည်းပြီးချိန် မိမိတို့လယ်ယာမြေများတွင် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းနေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် ဆောင်းနေကြာကို အခြားသီးနှံ များဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းတို့နှင့် သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်း သီးသန့် တန်းခြား နှစ်ပေ၊ ပင်ကြာ ကိုးလက်မဖြင့် စိုက်ပျိုးကြသည်။ ယင်းတို့ တန်းခြား ပင်ကြာဖြင့် စိုက်ပျိုးသည့် ဆောင်းနေကြာမှာ တစ်ဧကလျှင် မျိုးစေ့ လေးပြည်မှ ငါးပြည်အထိ စိုက်ပျိုးကြပြီး တောင်တွင်းကြီးမြို့နယ်မှ ကျေးလက်နေတောင်သူများမှာ ဆောင်းနေကြာကို ဆင်းရွှေကြာ-၂၊  ရေဆင်း-၁ စပ်မျိုးစသည့်မျိုးများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)