ဘားအံ မတ် ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ “နယ်စပ်ဒေသတွင် လူမှုစီးပွားဘဝအခြေခံအဆောက်အအုံများ အမြန်ဖွံ့ဖြိုးတိုးတက်စေရမည်” ဟူသောဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၃၀၂ ဒသမ ၇၈၀ သန်းဖြင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်-လေးဝါးလမ်း ၂၀/၇ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။
အဆိုပါ ရှမ်းရွာသစ်-လေးဝါးလမ်း ၂၇/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေ ၅၉၅ အိမ်၊ အိမ်ထောင်စု ၆၂၀ စု၊ လူဦးရေ ၃၀၅၈ ဦးတို့မှာ ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိစေမည်ဖြစ်သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၃၇ ဒသမ ၈၁၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)